Sponsored By

Sponsored By
Sponsored By

Babi Mild Myanmar

Thursday, July 25, 2013

ပြီးပြည့်စုံခြင်း . . . Article


ပြီးပြည့်စုံခြင်း  . . .

သရဖူထဲမှာ ဖတ်လိုက်ရတယ်။ သံသာဝင်းရဲ့အင်တာဗျူးမှာပါ။ မိဘနှစ်ပါးလုံးနဲ့ဒီအသက်အရွယ်အထိ အတူနေရတယ်ဆိုတာ ဘုရားသခင်ပေးတဲ့ ကောင်းချီးပါပဲ တဲ့။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဖတ်ပြတယ်။ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်ပါတယ်။
“အေး။ ဒီနေ့ နံနက်စာကောင်းကောင်းစားရတာလဲ ဘုရားသခင်ကောင်းချီးပဲ။ မနေ့ညက ကောင်းကောင်းအိပ်ရတာလဲ ဘုရားသခင်ကောင်းချီးပဲ။ အခု မင်းနဲ့ ထိုင်ပြီး စကားပြောနိုင်တာလဲ ဘုရားသခင်ရဲ့ ကောင်းချီးပဲ။” လို့ (ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ သူများစကားနဲ့လိုက်ပြောလိုက်တာ)
ကျွန်တော်အမြဲတမ်း ပြောလေ့ပြောထရှိပါတယ်။ ဘယ်အရာကိုမှ တပ်မက်စိတ်မရှိတဲ့ အချိန်မှာ လူတစ်ယောက်ရဲ့ဘ၀ဟာ ပြည့်စုံသွားတယ်လို့။ ဘယ်အရာကိုမှ အနိုင်ရလိုစိတ်မရှိတော့တဲ့ အချိန်မှာ အရာရာတိုင်းကို အနိုင်ရလိုက်တယ်လို့။
လူတစ်ယောက်ရဲ့အလိုမကျမှုဟာ လိုချင်မှုပေါ်မှာ မူတည်တာပါ။ လိုချင်မှုမရှိရင် အလိုမကျမှုမရှိတော့ဘူး။ ဒါဟာ လွယ်ကူတဲ့ သဘောတရားတစ်ခုဖြစ်ပေမယ့် လူတွေက တော်တော်နဲ့နားမလည်ကြပါဘူး။
ကျွန်တော့် ဘ၀တစ်လျောက် ကျွန်တော် လူတွေကို အနိုင်မလိုချင်ခဲ့ပါဘူး။ ကိုယ်စိတ်ဝင်စားတာကို စိတ်ပါလက်ပါ လုပ်နေရရင် ကျွန်တော်က ကျေနပ်နေတတ်သူပါ။ ဒါကြောင့် ကျွန်တော် ဘယ်သူ့ကိုမှလည်း မရှုံးပါဘူး။ ကျွန်တော့် ဘ၀တလျောက် ယှဉ်ပြိုင်မှုတွေ မျိုးစုံ ကြုံတွေ့ရပါတယ်။ တရားတာတွေလည်းပါတယ်။ မတရား ယှဉ်ပြိုင်မှုတွေလည်းပါတယ်။ ကျွန်တော့်ရဲ့တုံ့ပြန်မှုကတော့ လစ်လျှုရှုလိုက်ခြင်းပါပဲ။ ဒီတော့ ပြိုင်တာတွေ မပြိုင်တာတွေ ကျွန်တော် မသိတော့ဘူး။ ဒီတော့ နိုင်တာတွေ ရှုံးတာတွေလည်း ဂရုမစိုက်မိတော့ဘူး။ လာပြီး ပြိုင်နေတဲ့လူတွေကိုလည်း ပြောချင်ပါတယ်။ မမောကြဘူးလားလို့လေ။ သူတို့ပြိုင်နေလဲ ကျွန်တော်က ဒီလိုပဲအလုပ်လုပ်နေမှာပဲ။ သူတို့မပြိုင်လည်း ကျွန်တော်က ဒီလိုပဲအလုပ်လုပ်နေမှာပဲ။ တစ်ခါတစ်လေ ကိုယ့်ဖာသာကို အရမ်းအလုပ်ရှုပ်နေရင် ကျွန်တော်က ပတ်ဝန်းကျင်ကိုတောင် မေ့နေတတ်တဲ့လူပါ။
ဒါပေမယ့် ကျွန်တော့်ကို ယှဉ်ပြိုင်သူတွေအနေနဲ့ ကျွန်တော်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေရတာနဲ့ကို တော်တော် ရှုံးနေကြပါပြီ။ ကျန်တာတော့ ထည့်မပြောတော့ပါဘူး။
အစွဲအလမ်းလေးတွေလျော့၊ မောဟတွေလျော့၊ အပြုသဘောဆောင်တာလေးတွေမှာ အာရုံစိုက်လိုက်ရင် လောကကြီးက အများကြီး သာယာလှပတာကို သတိပြုမိပါလိမ့်မယ်။
ကျွန်တော်ကတော့ ညဖက်မှာ ဇိမ်ကျတဲ့မွေ့ယာလေးနဲ့ စောင်ထူထူနဲ့ အဲယားကွန်းအေးအေးလေးနဲ့ အိပ်လိုက်ရရင်ကိုပဲ တော်တော်ကြီးကို ကျေနပ်တဲ့သူပါ။ ကျွန်တော့်ဘ၀က နေပျော်သွားပါပြီ။
ရဋ္ဌ

No comments:

Post a Comment