Showing posts with label Article. Show all posts
Showing posts with label Article. Show all posts
Monday, March 24, 2014
Saturday, March 8, 2014
Monday, December 23, 2013
Thursday, July 25, 2013
ပြီးပြည့်စုံခြင်း . . . Article
ပြီးပြည့်စုံခြင်း . . .
သရဖူထဲမှာ ဖတ်လိုက်ရတယ်။ သံသာဝင်းရဲ့အင်တာဗျူးမှာပါ။ မိဘနှစ်ပါးလုံးနဲ့ဒီအသက်အရွယ်အထိ
အတူနေရတယ်ဆိုတာ ဘုရားသခင်ပေးတဲ့ ကောင်းချီးပါပဲ တဲ့။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို
ဖတ်ပြတယ်။ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်ပါတယ်။
“အေး။ ဒီနေ့ နံနက်စာကောင်းကောင်းစားရတာလဲ ဘုရားသခင်ကောင်းချီးပဲ။
မနေ့ညက ကောင်းကောင်းအိပ်ရတာလဲ ဘုရားသခင်ကောင်းချီးပဲ။ အခု မင်းနဲ့ ထိုင်ပြီး စကားပြောနိုင်တာလဲ
ဘုရားသခင်ရဲ့ ကောင်းချီးပဲ။” လို့ (ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ သူများစကားနဲ့လိုက်ပြောလိုက်တာ)
ကျွန်တော်အမြဲတမ်း ပြောလေ့ပြောထရှိပါတယ်။ ဘယ်အရာကိုမှ တပ်မက်စိတ်မရှိတဲ့
အချိန်မှာ လူတစ်ယောက်ရဲ့ဘ၀ဟာ ပြည့်စုံသွားတယ်လို့။ ဘယ်အရာကိုမှ အနိုင်ရလိုစိတ်မရှိတော့တဲ့
အချိန်မှာ အရာရာတိုင်းကို အနိုင်ရလိုက်တယ်လို့။
လူတစ်ယောက်ရဲ့အလိုမကျမှုဟာ လိုချင်မှုပေါ်မှာ မူတည်တာပါ။ လိုချင်မှုမရှိရင်
အလိုမကျမှုမရှိတော့ဘူး။ ဒါဟာ လွယ်ကူတဲ့ သဘောတရားတစ်ခုဖြစ်ပေမယ့် လူတွေက တော်တော်နဲ့နားမလည်ကြပါဘူး။
ကျွန်တော့် ဘ၀တစ်လျောက် ကျွန်တော် လူတွေကို အနိုင်မလိုချင်ခဲ့ပါဘူး။
ကိုယ်စိတ်ဝင်စားတာကို စိတ်ပါလက်ပါ လုပ်နေရရင် ကျွန်တော်က ကျေနပ်နေတတ်သူပါ။ ဒါကြောင့်
ကျွန်တော် ဘယ်သူ့ကိုမှလည်း မရှုံးပါဘူး။ ကျွန်တော့် ဘ၀တလျောက် ယှဉ်ပြိုင်မှုတွေ မျိုးစုံ
ကြုံတွေ့ရပါတယ်။ တရားတာတွေလည်းပါတယ်။ မတရား ယှဉ်ပြိုင်မှုတွေလည်းပါတယ်။ ကျွန်တော့်ရဲ့တုံ့ပြန်မှုကတော့
လစ်လျှုရှုလိုက်ခြင်းပါပဲ။ ဒီတော့ ပြိုင်တာတွေ မပြိုင်တာတွေ ကျွန်တော် မသိတော့ဘူး။
ဒီတော့ နိုင်တာတွေ ရှုံးတာတွေလည်း ဂရုမစိုက်မိတော့ဘူး။ လာပြီး ပြိုင်နေတဲ့လူတွေကိုလည်း
ပြောချင်ပါတယ်။ မမောကြဘူးလားလို့လေ။ သူတို့ပြိုင်နေလဲ ကျွန်တော်က ဒီလိုပဲအလုပ်လုပ်နေမှာပဲ။
သူတို့မပြိုင်လည်း ကျွန်တော်က ဒီလိုပဲအလုပ်လုပ်နေမှာပဲ။ တစ်ခါတစ်လေ ကိုယ့်ဖာသာကို
အရမ်းအလုပ်ရှုပ်နေရင် ကျွန်တော်က ပတ်ဝန်းကျင်ကိုတောင် မေ့နေတတ်တဲ့လူပါ။
ဒါပေမယ့် ကျွန်တော့်ကို ယှဉ်ပြိုင်သူတွေအနေနဲ့ ကျွန်တော်ရဲ့လှုပ်ရှားမှုတွေကို
စောင့်ကြည့်နေရတာနဲ့ကို တော်တော် ရှုံးနေကြပါပြီ။ ကျန်တာတော့ ထည့်မပြောတော့ပါဘူး။
အစွဲအလမ်းလေးတွေလျော့၊ မောဟတွေလျော့၊ အပြုသဘောဆောင်တာလေးတွေမှာ
အာရုံစိုက်လိုက်ရင် လောကကြီးက အများကြီး သာယာလှပတာကို သတိပြုမိပါလိမ့်မယ်။
ကျွန်တော်ကတော့ ညဖက်မှာ ဇိမ်ကျတဲ့မွေ့ယာလေးနဲ့ စောင်ထူထူနဲ့
အဲယားကွန်းအေးအေးလေးနဲ့ အိပ်လိုက်ရရင်ကိုပဲ တော်တော်ကြီးကို ကျေနပ်တဲ့သူပါ။ ကျွန်တော့်ဘ၀က
နေပျော်သွားပါပြီ။
ရဋ္ဌ
Saturday, July 20, 2013
ရဲဝံ့တာလား ရိုင်းတာလား….Article
ရဲဝံ့တာလား ရိုင်းတာလား….
ခေတ်ရဲ့ရေစီးကြောင်းနဲ့ အညီ
လူငယ်တွေက တိုးတက်လာကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း တည်ဆောက်ကြပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေမှာ Self Confident ကို တလွဲအသုံးချတာတွေကို တွေ့လာရတယ်။ ဒါကြောင့်
ကျွန်တော် ဒီခေါင်းစဉ်တပ်လိုက်တာပါ။ “ရဲဝံ့တာလား ရိုင်းတာလား။”
လူကြားထဲမှာစကားပြောရဲတိုင်း
ရဲဝံ့တာမဟုတ်ပါ။
သူတပါးကို အပြစ်ပြောရဲတိုင်း
ရဲဝံ့တာမဟုတ်ပါ။
အသံကျယ်ကျယ် စကားပြောရဲတိုင်း
ရဲဝံ့တာမဟုတ်ပါ။
ဆပ်ဆပ်ထိမခံ ပြန်ပြောရဲတိုင်း ရဲဝံ့တာမဟုတ်ပါ။
လူငယ်တွေက မှားနေကြပါတယ်။
ငါပြောရဲတယ်။ ငါလုပ်ရဲတယ်။ ကနေ ငါမိုက်ရိုင်းရဲတယ်တွေ ဖြစ်ကုန်ပါတယ်။ ရိုင်းလို့ရိုင်းမှန်းမသိ
အဟုတ်ထင်တတ်ကြပါတယ်။ ဒါကလည်း ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ အညီ ပေါ်ထွက်လာတတ်တဲ့
အခြေခံမခိုင်တဲ့ လူတန်းစားတစ်ခုပါပဲ။ Process ဖြစ်နေတာမို့ ဖြတ်သန်းရမှာပါပဲ။ နောက်
Generation ကျရင်တော့ အမှန်တကယ် ရင့်ကျက်ပြီး အသိဥာဏ်ပြည့်ဝတဲ့ ရဲဝံ့တဲ့ လူပုံအလည်မှာ
ချပြလို့ရတဲ့ လူတန်းစား ပေါ်ပေါက်လာမှာပါ။
ဒါပေမယ့် ဒီဆက်ကြားကာလမှာတော့
တော်တော် စိတ်ရှုပ်ရပါတယ်။ အမှိုက်ထုပ်တွေနဲ့ပဲ နေ့တိုင်းခလုပ်တိုက်နေရသလိုပဲ။ အရည်အချင်းရှိလားဆိုတော့လဲ
ပြစရာဘာမှမရှိ။ ဒါပေမယ့် အသံတွေကတော့ တော်တော်ကျယ်ကြပါတယ်။ ရှက်တတ်ရင် သေလို့ရတယ်။
ဒါပေမယ့်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတာနဲ့အမျှ ညာလို့မရတော့ပါဘူး။
လုပ်စားလို့လည်း မရတော့ပါဘူး။ အရည်အချင်းမရှိရင် မြောင်းထဲရောက်မှာပါ။ သီးသန့် ဖက်ရှားနေစရာ
မလိုပါဘူး။ အလိုလို မြောင်းထဲရောက်ကြမှာပါ။ ကဲ… လူငယ်တွေ ရဲဝံ့နေကြတာလား . . .ရိုင်းနေကြတာလား
. . .။ သုံးသပ်ကြဖို့လိုပါပြီ။
ရဋ္ဌ
Wednesday, July 17, 2013
ပြန်ငယ်ချင်လိုက်တာ . . .. . . - Article
ပြန်ငယ်ချင်လိုက်တာ . .
.
လူတိုင်းရွတ်ဖူးကြမှာပေါ့။ ကလေးဘ၀ပြန်လိုချင်လိုက်တာတို့။
ကျောင်းသားဘ၀ ပြန်ရောက်ချင်တယ်တို့။ ဆယ်ကျော်သက်ပြန်ဖြစ်ချင်တယ်တို့။ လူတိုင်းလူတိုင်းမှာ
အတိတ်ကို ပြန်တမ်းတတဲ့ အချိန်လေးတွေ ရှိတတ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကတော့ လူကြီးအရမ်းဖြစ်ချင်တယ်။
ကိုယ့်ရဲ့အချိန်တွေကို ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်စီမံခန့်ခွဲချင်တယ်။
လူကြီးတွေ စီမံတဲ့အတိုင်းနေရတာကို စိတ်ကျဉ်းကျပ်ခဲ့တယ်။ အခုလို ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အချိန်ရောက်တော့
စီးပွားရေးကြောင့်၊ လူမှုရေးကြောင့် စတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်ရဲ့အချိန်တွေကို
ကိုယ်ကိုယ်တိုင်ကပဲ ပြန်ပြီး အသုံးပြုရပြန်တယ်။ နားချင်လည်း မနားရ။ သွားချင်လည်းမသွားရ။
ဘယ်သူကမှ ကိုယ့်ကို အတင်းအကျပ်မတောင်းဆိုပေမယ့် ကိုယ်ကိုယ်တိုင်ကိုက မလုပ်နိုင်ဖြစ်နေတယ်။
ဒီတော့ အရွယ်တိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိနေမှာပဲ။ နေလို့ အကောင်းဆုံးအရွယ်ဆိုတာ
မရှိပါဘူး။ လူတိုင်းကတော့ မရတာကို တောင့်တချင်ကြတာ သဘာဝဖြစ်နေပါပြီ။
ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ ကျွန်တော်ရော အတိတ်ကို
ပြန်တောင်းတတတ်တဲ့လူတစ်ယောက်လားလို့။ ကျွန်တော်ကတော့ ပြန်ငယ်ချင်စိတ်မရှိပါဘူး။ ကျွန်တော့်အသက်အရွယ်ရောက်လာဖို့။
ကျွန်တော့်လက်ရှိအတွေ့အကြုံရလာဖို့။ ကျွန်တော့်လက်ရှိ စဉ်းစားဥာဏ်ရလာဖို့အတွက် ကျွန်တော်
ရင်းနှီးမြုပ်နှံခဲ့ရတာတွေက နည်းတာမှ မဟုတ်တာ။ ခံစားခဲ့ရတာတွေလည်း မနည်းပါဘူး။ ဒီတော့
နောက်တကြော့ ပြန်ပြီး ခံစားပါလားဆိုရင်တော့ ကျွန်တော် ပြန်ပြောမှာက တစ်ခွန်းထဲ No
Way !!!
ဘယ်အရာမဆို ရောင့်ရဲတတ်ဖို့ ကျွန်တော် လေ့ကျင်ပြီးပါပြီ။
ဒါကြောင့် ကျွန်တော့်ဘ၀က ပြည့်စုံပါတယ်။ မရောင့်ရဲတတ်ခဲ့ချိန်က တပ်မက်မှုကြောင့်ဖြစ်ပေါ်တဲ့
ပူလောင်မှုမျိုး ကျွန်တော် မခံစားချင်တော့ ပါဘူး။ မျှော်လင့်ပြီး မျှော်လင့်ချက်ပျက်သုဉ်းရတဲ့
ခံစားချက်မျိုးကလည်း ခါးသီးလွန်းပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မထိန်းသိမ်းနိုင်တဲ့ကာလကို
ကျွန်တော် ပြန်မရောက်ချင်ပါဘူး။ တကယ်တမ်း ကလေးဘ၀ကို ပြန်တောင့်တနေတဲ့လူတွေကရော ဒီခံစားချက်တွေကို
ပြန်ခံစားချင်မယ်လို့ ကျွန်တော်မထင်ပါဘူး။
ကျွန်တော့်ဘ၀မှာ ကျွန်တော်ပြန်လိုချင်တာဆိုလို့sex နဲ့
ပတ်သက်လို့ လူပျိုလေးဘ၀တုန်းက ရင်ခုန်တဲ့ ခံစားချက်ကိုတော့ ကျွန်တော်ကြိုက်ပါတယ်။
ချစ်သူနဲ့ ပတ်သက်လို့ ဟုတ်ဘူးနော်။ ဘာအတွေ့အကြုံမှမရှိတော့ ရင်တုန်ရတယ်။ စိတ်ကူးယဉ်ရတယ်။
အရမ်းအရသာရှိပါတယ်။ အခုတော့ အဲလို ရင်ခုန်မှုတွေ မရှိတော့ပါဘူး။ ဒါလေးတစ်ချက်တော့
ကျွန်တော် ပြန်လိုချင်ပါတယ်။
ရဋ္ဌ
ရဋ္ဌ
Tuesday, July 16, 2013
One Night Stand - Article
One Night Stand
နာမည်လေးကလှသည်။ One Night Stand တဲ့။ တစ်ည နားခိုရာနေရာပေါ့။
သဘောကတော့ တစ်ညပဲ ဖြစ်ပေါ်လိုက်တဲ့ sex ကို ဆိုလိုတာပါ။ ကလပ်မှာပဲဖြစ်ဖြစ်။ ဘားမှာပဲဖြစ်ဖြစ်။
ပါတီပွဲမှာပဲဖြစ်ဖြစ်။ တွေ့ကြုံဆုံကြ၊ စိတ်ဝင်စားကြ၊ အချင်းချင်း နားလည်မှုတွေယူပြီး
နှစ်ဦးသဘောတူ ဖြစ်တဲ့ sex ကို ဆိုလိုတာပါ။ ဒါဖြင့် ဒါကို ကျွန်တော် ခေါင်းစဉ်
တင်တာ ဘာဖြစ်လို့လဲ။ ကျွန်တော် နေတာ မြန်မာပြည်မှာပါ။ မြန်မာပြည်ရဲ့ယဉ်ကျေးမှုအရ
One Night Stand ဆိုတာ ကြားဖူးစရာအကြောင်းတောင်မရှိပါဘူး။ သမီးရည်းစားဖြစ်ရင်တောင်
ခပ်ခွာခွာနေခိုင်းတဲ့ ယဉ်ကျေးမှုလေ။ အရမ်းတန်ဖိုးရှိပါတယ်။ ဒါပေမယ့် အဲဒီ ယဉ်ကျေးမှုက
အခု မှေးမှိန်လာပါပြီ။ ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ်က ပိုပြီး သိပါတယ်။ ဆေးရုံတွေ၊
ဆေးခန်းတွေမှာ အမြင်မတော်တာတွေ အများကြီးပါ။ ဒါကထားလိုက်တော့။ တကယ်တန်းပြောချင်တာက
One Night Stand နဲ့ လူငယ်တွေရဲ့ အမြင်ကို ပြောချင်တာပါ။
sex ဆိုတာက ဘာသာရပ်တစ်ခုပါ။ သူ့မှာ ကိုယ်နားလည်ထားရမယ့်
အချက်တွေ အများကြီး ရှိပါတယ်။ တကယ်တန်းနားမလည်ပဲနဲ့ sex လုပ်ရင် အရမ်းအန္တရာယ်ရှိပါတယ်။
လူအများပြောသလို စိတ်ချမ်းမြေ့စရာ ကောင်းတဲ့ ကိစ္စလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ အနောက်တိုင်းမှာ
One Night Stand ခေတ်စားတယ်ဆိုတာက သိရှိနားလည်ပြီးသားလူတွေ ဖြစ်ကြတာပါ။ သူတို့ဆီမှာက
အရွယ်ရောက်ပြီးသူတိုင်းကို sex နဲ့ပတ်သက်လို့ သင်ကြားပေးကြပါတယ်။ ကျောင်းမှာလည်း
ပြဌာန်းပေးထား ပါတယ်။ ဒါကလည်း sex ကို အားပေးတဲ့ သဘောမဟုတ်ပါဘူး။ တလွဲတွေ လျောက်လုပ်ကြမှာစိုးလို့ပါ။
သင်သည်တော်ရှိ မသင်သည်တော်ရှိ။ လူငယ်သဘာဝ လက်တည့်စမ်းကြမှာပဲ။ မသင်ပေးလိုက်ပဲ လက်တည့်စမ်းတော့
မလိုလားအပ်တဲ့ ရလာဒ်တွေ ထွက်လာရော။ လူငယ်တွေလည်း အညွန့်ကျိုးရော။ လူငယ်တွေကလည်း ကွယ်ဝှက်ထားတဲ့
ကိစ္စမလို့ စိတ်ဝင်စားကြတာပါ။ စားပွဲပေါ်တင် ဆွေးနွေးလိုက်ရင် စိတ်ဝင်စားမှု လျော့သွားပါတယ်။
ဒါဆိုရင် ပိုပြီးစမတ်ကျတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်။
ကျွန်တော်လက်ခံထားတဲ့ Sex လုပ်ခြင်းဆိုတာက ဇိမ်ခံစားမှုတစ်ခုပါ။
ဒါကြောင့် ကျွန်တော့်အတွက် sex ဆိုတာ ဇိမ်ကျဖို့လိုပါတယ်။ အင်မတန်နူးညံ့တဲ့ မွေ့ယာကြီးပေါ်မှာ။
စိတ်ကြည်နူးဖွယ် တီးလုံး တိုးတိုးလေးနဲ့။ ထိုက်သင့်တဲ့ အခန်းအပူချိန်လေးနဲ့။ ကဲ…
ဘယ်လောက် ဇိမ်ရှိလဲ။ ဒီတော့ အဲဒီလို sex ကို ခံစားဖူးရုံသက်သက်နဲ့ လုပ်နေတာတွေကိုတော့
ကျွန်တော့်အမြင်မှာ အလွဲသုံးစားလုပ်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အမြင်ပါ။
ဘာကြောင့်ပြောပြရတာလဲဆိုတော့။ တစ်ချို့လူတွေအတွက် ရုပ်ရှင်ရုံမှာ ကိုယ်ကြိုက်တဲ့
ရုပ်ရှင်ကို စောင့်မျှော်ကြည့်ရသလိုပဲ sex ကို တန်ဖိုးထား တစ်ခမ်းတစ်နား ခံစားတတ်တဲ့လူတွေရှိတယ်ဆိုတာကို
သိစေချင်တာပါ။
ကဲ အဆုံးသတ်အနေနဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ အဖြစ်လေးကို
ပြောပြပါတယ်။
တစ်ရက်က နံနက် ၁၀ နာရီလောက်ကြီး ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့
ကော်ဖီတူတူသောက်ဖြစ်ပါတယ်။ သူ့ပုံစံကြည့်ရတာ ခေါင်းကြည်ပုံမပေါ်တာနဲ့ ကျွန်တော်မေးလိုက်တယ်။
ဘာဖြစ်နေတာလဲပေါ့။ သူကပြန်ပြောတယ်။ သူ ဟိုတစ်နေ့ကမှ ၀ယ်လာတဲ့ Gucci ခါးပတ် ပျောက်သွားလို့တဲ့။
အဲဒီတော့ ဘယ်လိုပျောက်တာလဲပေါ့။ သူကပြောတယ် မနေ့ညက သူများဆီ မှားပါသွားတာတဲ့။ ဒါနဲ့
ကျွန်တော်ကပြောလိုက်တယ်။ မှားပါသွားရင်လည်း ပြန်တောင်းပေါ့လို့။ သူကပြောတယ်။ မှားပါသွားတဲ့
အမျိုးသမီးနာမည်ကို သူမသိလို့ပါတဲ့။
ဟုတ်ကဲ့။ အဲဒီလို အဖြစ်တွေလည်း One Night Stand မှာ ဖြစ်တတ်ပါတယ်။
ဗဟုသုတပါ။
ရဋ္ဌ
Monday, July 15, 2013
ဘယ်တော့စားရမှာလဲ …
ဘယ်တော့စားရမှာလဲ …
ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။ အသက် ၂၅ ကျော်လောက်ကတည်းက
အမေးခံရတဲ့ မေးခွန်းက “ဘယ်တော့စားရမှာလဲ” ဆိုတာပါပဲ။ သဘောကတော့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲပေါ့။
ကျွန်တော်ကလည်း အမှန်အတိုင်းပြောရရင် အိမ်ထောင်ပြုခြင်းကို သိပ်ပြီးယုံကြည်မှု ရှိတာမဟုတ်။
ကျွန်တော့် မိဘများ၊ ကျွန်တော့် ဘိုးဘွားများ၊ ကျွန်တော့် မောင်နှမသားချင်းများ၊ ကျွန်တော့်
မိတ်ဆွေများ ကြည့်ပြီး အိမ်ထောင်ပြုလိုစိတ် လုံးဝမရှိတဲ့လူတစ်ယောက်ပါပဲ။ ကျွန်တော့်ကို
မေးခွန်းထုတ်နေတဲ့လူတွေကို ကျွန်တော်ပြန်မေးချင်ပါတယ်။ အမှန်တကယ် အားကျလောက်တဲ့ အိမ်ထောင်၊
စံပြုရမယ့် အိမ်ထောင် ဘယ်နှစ်ခုရှိလဲ။ ကျွန်တော့်ကို ပြစေချင်ပါတယ်။ အားမကျသင့်တဲ့
အိမ်ထောင်ပြရမယ်ဆိုရင်တော့ လက်ညိုးထိုး မလွဲပါဘူး။ ကျွန်တော် ပြနိုင်ပါတယ်။ ကျွန်တော်
ဘုကန့်လန့်ပြောနေတာမဟုတ်ပါဘူး။ မင်္ဂလာဆောင်တယ် မုန့်ကျွေးတယ်ဆိုတာ တစ်ရက်ထဲနဲ့ပြီးပါတယ်။
နောက်ဆက်တွဲ ပြဿနာတွေကို မင်္ဂလာပွဲတက်တဲ့ ဧည့်သည်တွေက ဖြေရှင်းပေးမှာမလို့လား။
လွန်ခဲ့တဲ့ ၅ လလောက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ပါတယ်။
မိန်းမယူချင်လို့ကို ယူတာပါ။ သဘောကတော့ မိန်းမဖြစ်ရင်ပြီးရောယူတာပါ။ သူ့ရဲ့ အတွေးအခေါ်ကတော့
သူ့အိမ်က မောင်နှမ ညီအစ်ကိုတွေထဲမှာ ကျန်တဲ့လူတွေက အိမ်ထောင်မပြုတော့ သူက ပြုရမယ်ပေါ့။
ကလေးမွေးရမယ်ပေါ့။ ဒါကြောင့်ယူတာပါ။ ကျွန်တော် မဝေဖန်လိုပေမယ့် မထောက်ခံပါဘူး။ အဲဒါဟာ
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တဲ့လား။ အဲဒီလိုပြုခဲ့တဲ့ အိမ်ထောင်ရဲ့ ခိုင်မာမှုကရော၊ ပျော်ရွင်ချမ်းမြေ့မှုကရော၊
ထုတ်ရမယ့် မေးခွန်းတွေက တစ်ပုံတစ်ပင်ပါပဲ။
ကျွန်တော့် သူငယ်ချင်း အများစု အိမ်ထောင်မပြုသေးပါဘူး။ ဒါကလဲ
တိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ သူငယ်ချင်းအများစုက လောပြီး အိမ်ထောင်ပြုဖို့လဲ
လုံးဝကို အစီအစဉ်မရှိကြပါဘူး။ ဒါကြောင့်လဲ ကျွန်တော်ပါ သွေးအေးနေတာလားမသိ။ တကယ်လို့
သူငယ်ချင်းတွေ အများစု အိမ်ထောင်ကျသွားပြီး ကျွန်တော်ပဲ ကျန်နေရင်တော့ ဘယ်လိုခံစားချက်ဖြစ်မယ်မသိ။
အခုအချိန်မှာတော့ ခရီးသွားချင်လည်း သူငယ်ချင်းတွေက အဆင်သင့်ဆိုတော့ အဆင်ပြေပါတယ်။
လွတ်လပ်တယ်။ ပျော်တယ်။
နောက်တစ်ခုက Sex ကိစ္စ။ အိမ်ထောင်ပြုတာနဲ့ Sex နဲ့ကို ဘယ်လို
ညီမျှခြင်းချကြမလဲ။ ကျွန်တော့်အတွက်တော့ အိမ်ထောင်ပြုတာက ပြုတာပဲ Sex က Sex ပဲ။ အခုခေတ်မှာကလည်း
အိမ်ထောင်ပြုမှ Sex Life ရှိမယ်ဆိုတာတွေက ကျန်ခဲ့ပြီ ထင်ပါရဲ့။ ဒါနဲ့ပတ်သက်လို့တော့
နောက်မှ များများပြောပါဦးမယ်။ အခုလောလောဆယ် ကျွန်တော့်အတွေးထဲမှာကတော့ Sex Life ရှိဖို့အတွက်
ကျွန်တော် အိမ်ထောင်ပြုဖို့ မလိုဘူးဆိုတာပါပဲ။
အိမ်ထောင်ပြုတာကောင်းပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့ ဟုတ်ချင်မှဟုတ်မယ်။
အိမ်ထောင်ပြုတာကို မကန့်ကွက်ပါဘူး။ ကျွန်တော်က ကိုယ်တိုင် အိမ်ထောင်ပြုချင်စိတ်
မရှိတာ တစ်ခုပါပဲ။ ကဲ . . . ဘယ်တော့ကျွေးမလဲလို့မေးရင် ။ ကျွန်တော် ရက်သတ်မှတ်ပေးပါမယ်။
အဲဒီနေ့မှာ ကျွန်တော် ကျွေးမယ့်ခေါင်းစဉ်က “ကျွန်တော် အိမ်ထောင်မရှိကြောင်း
Party” ပဲ ဖြစ်ပါလိမ့်မယ်။
ရဋ္ဌ
Sunday, July 14, 2013
သတိ နှင့်အသိ
သတိနှင့်အသိ
မနေ့က
Facebook မှာ ကျွန်တော် အမြင်ရဆုံးသတင်းကတော့ အဆိုတော် ဆိုတေး ကားမှောက်တဲ့ သတင်းပါပဲ။
ကြားရတာ စိတ်မကောင်းစရာဖြစ်သလို တစ်နေကုန်လည်း သူ့အတွက် ဆုတောင်းပေးနေဖြစ်ပါတယ်။
Focus Online Facebook Page ကနေလည်း တောင်းဆုပြုပေးဖြစ်ပါတယ်။ အဲဒီလို ဆုတောင်းပေးနေတဲ့အချိန်မှာပဲ
ကျွန်တော်စဉ်းစားမိတာက “သတိနဲ့အသိ” ပါပဲ။ သတိဆိုတာက ဆိုတေးတို့ ကားမှောက်တဲ့ကိစ္စနဲ့ပတ်သက်လို့စဉ်းစားမိတာပါ။
အသက်ကို ဥာဏ်စောင့်တယ်တဲ့။ ဒါ ကျွန်တော် အမြဲတမ်း ကိုယ့်ကိုကိုယ် သတိပေးနေတဲ့စကားလုံးပါ။
ခရီးသွားတယ်ဆိုတာ ကျွန်တော်တို့အတွက် နေ့စဉ်ပြုလုပ်နေရတဲ့ကိစ္စပါ။ ရန်ကုန်၊ မန္တလေး၊
နေပြည်တော်၊ ပြည်၊ မကွေး၊ ကလေး၊ တာချီလိတ်၊ မေမြို့ စတာတွေက ကျွန်တော် လွန်ခဲ့တဲ့ ၃
လအတွင်းက သွားခဲ့တဲ့ နေရာတွေပါ။ ကိုယ်တိုင် ကားမောင်းသွားရတာတွေလည်း များပါတယ်။ ဒီတော့
ဘယ်အရာမဆို သတိထားရပါတယ်။ သတိလေးတစ်ချက်လွတ်လိုက်တာနဲ့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။
ကျွန်တော် ကလေးမြို့ကပြန်တော့ ကားနဲ့ ပြန်ဖြစ်ပါတယ်။ ဆိုးလိုက်တဲ့လမ်းဆိုတာ ကျွန်တော့်တစ်သက်
မကြုံဖူးပါဘူး။ ရွံ့ဗွက်တွေက ၂ ပေလောက်ထူပါတယ်။ ကားဆိုတာ တည့်မောင်းနေလည်း ဘေးစောင်းသွားနေတာပါ။
လမ်းဘေးမှာကလည်း ချောက်တွေက အဆင်သင့်။ အခန့်မသင့်ရင် ကျသွားမှာပါပဲ။ ကားမောင်းသမားက
သတိထားပြီး ကျွမ်းကျင်စွာ ထိန်းမောင်းရပါတယ်။ ဒါကြောင့် ကျွန်တော် မန္တလေးကို ချောချောမွေ့မွေ့
ပြန်ရောက်ပါတယ်။ ရန်ကုန် မန္တလေး အမြန်လမ်းပေါ်မှာ ကျွန်တော်လည်း ကားမောင်းရင်း ဘီးပေါက်ဖူးပါတယ်။
ပေါက်တာမဟုတ်ပါဘူး။ ကွဲထွက်သွားတာပါ။ ဒါပေမယ့် ကျွန်တော် ကားမမှောက်ခဲ့ပါဘူး။ ကံကောင်းတယ်ပဲ
ပြောရမှာပေါ့။ မနေ့က ဆိုတေး ကားမှောက်တဲ့ သတင်းကြားပြီးတဲ့ အခါမှာ လူတိုင်းကို သတိပေးချင်တာက
အရာရာကို သတိကြီးစွာထားဖို့ပါပဲ။ သတိထားတယ်ဆိုတာ ပိုတယ် မရှိပါဘူး။ လူ့အသက်ထက်
ဘယ်အရာမှ တန်ဖိုးမကြီးပါဘူး။
ကဲ။ နောက်တစ်ချက်
ကျွန်တော် စဉ်းစားမိတာက “အသိ”ပါ။ အသိဆိုတော့ စဉ်းစားမိတယ်ဆိုတာထက် အသိရလိုက်တယ်ပြောရမှာပေါ့။
မနေ့က ဆိုတေး သတင်းမကြားမီတုန်းက ကျွန်တော် စိတ်ရှုပ်ရတဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဒါကတော့
လူတိုင်းမှာ ရှိတာမို့ အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ ဒါပေမယ့် ဆိုတေးရဲ့သတင်းကို
ကြားပြီးတဲ့အချိန်မှာ ကျွန်တော် အသိရလိုက်တာက ကျွန်တော် ဘယ်လောက်ပဲ စိတ်ရှုပ်နေပါစေ၊
စိတ်အနှောင့်အယှက်တွေ ဖြစ်နေပါစေ၊ စိတ်ညစ်နေပါစေ၊ စိတ်ပျက်နေပါစေ၊ ကျွန်တော် ဆိုတေးလောက်
ကံမဆိုးသေးပါဘူးဆိုတာပါပဲ။ ပြုန်းကနဲ ကျွန်တော် စိတ်သက်သာရာရသွားပါတယ်။ ကျွန်တော့်အခက်အခဲတွေအားလုံးကိုလည်း
ကောင်းစွာ စိတ်ရှည်ရှည်နဲ့ ရှင်းလင်းဖို့ ခွန်အားရသွားပါတယ်။ ကျွန်တော်ဘယ်လောက်ပဲ
စိတ်ညစ်ညစ် ဆိုတေးရဲ့မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေလောက် ကျွန်တော် စိတ်မညစ်ရပါဘူး။
စိတ်ဒုက္ခလည်း မရောက်ပါဘူး။ ကျွန်တော် သူ့အတွက်တောင် တောင်းဆုပြုပေးနိုင်ပါသေးတယ်။
လူတွေဆိုတာက ကိုယ့်ထက် အဖြစ်ဆိုးတဲ့အရာတွေကို မေ့မေ့ပြီး စိတ်ဒုက္ခရောက်နေကြတာပါ။
လောကကြီးမှာ ကိုယ့်ထက် အဖြစ်ဆိုးတာတွေကို ကြည့်ပြီး ကိုယ့်ဘ၀ကို ကျေနပ်သင့်ပါတယ်။
သူတပါးအတွက်လည်း တောင်းဆုပြုပေးသင့်ပါတယ်။
လူ့အသက်ဆိုတာ
အရမ်းကို နူးညံ့သိမ်မွေ့တဲ့အရာပါ။ ထိခိုက်မှုလေးတစ်ခုမှာ လွယ်လွယ်ကူကူပဲ ပျက်စီး
ဆုံးရှုံးသွားတတ်ပါတယ်။ အမြဲတမ်း တည်မြဲနေမယ့်အရာမဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင်
ဆုတ်ကိုင်ထားနိုင်တဲ့အချိန်မှာ ကိုယ်နောင်တမရမယ့်ကိစ္စတွေကို လုပ်ပါ။ စင်္ကြာဝဋာထဲက
နေအဖွဲ့အစည်း၊ နေအဖွဲ့အစည်းထဲက ကမ္ဘာမြေကြီး၊ ကမ္ဘာမြေကြီးပေါ်က မြန်မာပြည်၊ မြန်မာပြည်ထဲက
မန္တလေးမြို့၊ မန္တလေးမြို့မှာ နေထိုင်တဲ့ လူတစ်ယောက်ရဲ့ အသက်ရှင်မှုက ဘယ်လောက်တောင်
အရာရောက်မှာလဲ။ ဘယ်လောက်အရေးပါမှာလဲ။ ဘယ်လောက် အဓိပ္ဗါယ်ရှိမှာလဲ။ ကျွန်တော်တို့တွေ
ဘာတွေအတွက် စိတ်ညစ်နေကြတာလဲ။
ရဋ္ဌ
အယ်ဒီတာချုပ်
Myanmar Focus Online
Subscribe to:
Posts (Atom)