သတိနှင့်အသိ
မနေ့က
Facebook မှာ ကျွန်တော် အမြင်ရဆုံးသတင်းကတော့ အဆိုတော် ဆိုတေး ကားမှောက်တဲ့ သတင်းပါပဲ။
ကြားရတာ စိတ်မကောင်းစရာဖြစ်သလို တစ်နေကုန်လည်း သူ့အတွက် ဆုတောင်းပေးနေဖြစ်ပါတယ်။
Focus Online Facebook Page ကနေလည်း တောင်းဆုပြုပေးဖြစ်ပါတယ်။ အဲဒီလို ဆုတောင်းပေးနေတဲ့အချိန်မှာပဲ
ကျွန်တော်စဉ်းစားမိတာက “သတိနဲ့အသိ” ပါပဲ။ သတိဆိုတာက ဆိုတေးတို့ ကားမှောက်တဲ့ကိစ္စနဲ့ပတ်သက်လို့စဉ်းစားမိတာပါ။
အသက်ကို ဥာဏ်စောင့်တယ်တဲ့။ ဒါ ကျွန်တော် အမြဲတမ်း ကိုယ့်ကိုကိုယ် သတိပေးနေတဲ့စကားလုံးပါ။
ခရီးသွားတယ်ဆိုတာ ကျွန်တော်တို့အတွက် နေ့စဉ်ပြုလုပ်နေရတဲ့ကိစ္စပါ။ ရန်ကုန်၊ မန္တလေး၊
နေပြည်တော်၊ ပြည်၊ မကွေး၊ ကလေး၊ တာချီလိတ်၊ မေမြို့ စတာတွေက ကျွန်တော် လွန်ခဲ့တဲ့ ၃
လအတွင်းက သွားခဲ့တဲ့ နေရာတွေပါ။ ကိုယ်တိုင် ကားမောင်းသွားရတာတွေလည်း များပါတယ်။ ဒီတော့
ဘယ်အရာမဆို သတိထားရပါတယ်။ သတိလေးတစ်ချက်လွတ်လိုက်တာနဲ့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။
ကျွန်တော် ကလေးမြို့ကပြန်တော့ ကားနဲ့ ပြန်ဖြစ်ပါတယ်။ ဆိုးလိုက်တဲ့လမ်းဆိုတာ ကျွန်တော့်တစ်သက်
မကြုံဖူးပါဘူး။ ရွံ့ဗွက်တွေက ၂ ပေလောက်ထူပါတယ်။ ကားဆိုတာ တည့်မောင်းနေလည်း ဘေးစောင်းသွားနေတာပါ။
လမ်းဘေးမှာကလည်း ချောက်တွေက အဆင်သင့်။ အခန့်မသင့်ရင် ကျသွားမှာပါပဲ။ ကားမောင်းသမားက
သတိထားပြီး ကျွမ်းကျင်စွာ ထိန်းမောင်းရပါတယ်။ ဒါကြောင့် ကျွန်တော် မန္တလေးကို ချောချောမွေ့မွေ့
ပြန်ရောက်ပါတယ်။ ရန်ကုန် မန္တလေး အမြန်လမ်းပေါ်မှာ ကျွန်တော်လည်း ကားမောင်းရင်း ဘီးပေါက်ဖူးပါတယ်။
ပေါက်တာမဟုတ်ပါဘူး။ ကွဲထွက်သွားတာပါ။ ဒါပေမယ့် ကျွန်တော် ကားမမှောက်ခဲ့ပါဘူး။ ကံကောင်းတယ်ပဲ
ပြောရမှာပေါ့။ မနေ့က ဆိုတေး ကားမှောက်တဲ့ သတင်းကြားပြီးတဲ့ အခါမှာ လူတိုင်းကို သတိပေးချင်တာက
အရာရာကို သတိကြီးစွာထားဖို့ပါပဲ။ သတိထားတယ်ဆိုတာ ပိုတယ် မရှိပါဘူး။ လူ့အသက်ထက်
ဘယ်အရာမှ တန်ဖိုးမကြီးပါဘူး။
ကဲ။ နောက်တစ်ချက်
ကျွန်တော် စဉ်းစားမိတာက “အသိ”ပါ။ အသိဆိုတော့ စဉ်းစားမိတယ်ဆိုတာထက် အသိရလိုက်တယ်ပြောရမှာပေါ့။
မနေ့က ဆိုတေး သတင်းမကြားမီတုန်းက ကျွန်တော် စိတ်ရှုပ်ရတဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဒါကတော့
လူတိုင်းမှာ ရှိတာမို့ အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ ဒါပေမယ့် ဆိုတေးရဲ့သတင်းကို
ကြားပြီးတဲ့အချိန်မှာ ကျွန်တော် အသိရလိုက်တာက ကျွန်တော် ဘယ်လောက်ပဲ စိတ်ရှုပ်နေပါစေ၊
စိတ်အနှောင့်အယှက်တွေ ဖြစ်နေပါစေ၊ စိတ်ညစ်နေပါစေ၊ စိတ်ပျက်နေပါစေ၊ ကျွန်တော် ဆိုတေးလောက်
ကံမဆိုးသေးပါဘူးဆိုတာပါပဲ။ ပြုန်းကနဲ ကျွန်တော် စိတ်သက်သာရာရသွားပါတယ်။ ကျွန်တော့်အခက်အခဲတွေအားလုံးကိုလည်း
ကောင်းစွာ စိတ်ရှည်ရှည်နဲ့ ရှင်းလင်းဖို့ ခွန်အားရသွားပါတယ်။ ကျွန်တော်ဘယ်လောက်ပဲ
စိတ်ညစ်ညစ် ဆိုတေးရဲ့မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေလောက် ကျွန်တော် စိတ်မညစ်ရပါဘူး။
စိတ်ဒုက္ခလည်း မရောက်ပါဘူး။ ကျွန်တော် သူ့အတွက်တောင် တောင်းဆုပြုပေးနိုင်ပါသေးတယ်။
လူတွေဆိုတာက ကိုယ့်ထက် အဖြစ်ဆိုးတဲ့အရာတွေကို မေ့မေ့ပြီး စိတ်ဒုက္ခရောက်နေကြတာပါ။
လောကကြီးမှာ ကိုယ့်ထက် အဖြစ်ဆိုးတာတွေကို ကြည့်ပြီး ကိုယ့်ဘ၀ကို ကျေနပ်သင့်ပါတယ်။
သူတပါးအတွက်လည်း တောင်းဆုပြုပေးသင့်ပါတယ်။
လူ့အသက်ဆိုတာ
အရမ်းကို နူးညံ့သိမ်မွေ့တဲ့အရာပါ။ ထိခိုက်မှုလေးတစ်ခုမှာ လွယ်လွယ်ကူကူပဲ ပျက်စီး
ဆုံးရှုံးသွားတတ်ပါတယ်။ အမြဲတမ်း တည်မြဲနေမယ့်အရာမဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင်
ဆုတ်ကိုင်ထားနိုင်တဲ့အချိန်မှာ ကိုယ်နောင်တမရမယ့်ကိစ္စတွေကို လုပ်ပါ။ စင်္ကြာဝဋာထဲက
နေအဖွဲ့အစည်း၊ နေအဖွဲ့အစည်းထဲက ကမ္ဘာမြေကြီး၊ ကမ္ဘာမြေကြီးပေါ်က မြန်မာပြည်၊ မြန်မာပြည်ထဲက
မန္တလေးမြို့၊ မန္တလေးမြို့မှာ နေထိုင်တဲ့ လူတစ်ယောက်ရဲ့ အသက်ရှင်မှုက ဘယ်လောက်တောင်
အရာရောက်မှာလဲ။ ဘယ်လောက်အရေးပါမှာလဲ။ ဘယ်လောက် အဓိပ္ဗါယ်ရှိမှာလဲ။ ကျွန်တော်တို့တွေ
ဘာတွေအတွက် စိတ်ညစ်နေကြတာလဲ။
ရဋ္ဌ
အယ်ဒီတာချုပ်
Myanmar Focus Online
No comments:
Post a Comment